Wednesday, May 30, 2012

အစိုးရဆိုတာ စေတစ်လုံးပိုင်ရှင်မဟုတ်ပါ

ဒီနေ့ ကမ္ဘာ့သတင်း မီဒီယာတွေမှာ ဖော်ပြခြင်းခံရတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် အီရန်နျူး ကလီးယား ပြဿနာ၊ အီဂျစ် ရွေးကောက်ပွဲ၊ ဆီးရီးယားအရေး၊ မြောက်ကိုရီးယား နျူးကလီးယား ပြဿနာနဲ့ မြန်မာနိုင်ငံ အကြောင်းတွေက ထိပ်ဆုံးက နေရာယူထားတာ တွေ့ရမှာ ဖြစ်တယ်။
ဒီအထဲမှာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ၊ စီးပွားရေး သမားတွေ စိတ်ဝင်စားမှု အရှိဆုံးနေရာကို ပြောပါလို့ ကျွန်တော်ကို မေးလာရင် မြန်မာနိုင်ငံပါဘဲလို့ မဆိုင်းမတွ ဖြေမိမှာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရ၊ စစ်အစိုးရ၊ အာဏာရှင်အစိုးရ စတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်းခံရ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နှစ်ပေါင်း (၆၀) ကျော်ကြာ တိုက်ပွဲတွေ ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုတော့ ကမ္ဘာမှာ စံနမူနာပြရမယ့် ဒီမိုကရက်တစ်နိုင်ငံ၊ Myanmar Spring, Burma Spring  ဆိုပြီး ကမ္ဘာ့သတင်းမီဒီယာ တွေမှာ စဉ်ဆက်မပြတ် ဖော်ပြလာခဲ့တာ တွေ့မြင်လာခဲ့ရတယ်။
အရင်ကတော့ မြန်မာနိုင်ငံသားတစ်ဦး ပြည်ပကို ရောက်ရင်ပဲဖြစ်ဖြစ်၊ ပြည်ပရောက် မြန်မာတွေပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံ အကြောင်း ပြောကြဆိုကြရင် သူတို့ကလည်း ကိုယ့်ကို အထင်ကြီးလေးစားမှု မရှိသလို၊ ကိုယ်ကလည်း ပြောရမှာ အားမလိုအားမရ ဖြစ်မိတယ်။
ခုတော့ အဲလိုမဟုတ်တော့ဘူး။ မြန်မာနိုင်ငံအကြောင်း ပြောမယ်ဆိုရင် ရွှမ်းရွှမ်းဝေနေအောင် ပြောလိုက်ရတာ ပြောမဆုံးပေါင် တောသုံးထောင်ဆိုတာလို ဖြစ်နေပါပြီ။ ပြောရတာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိလာတယ်။ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တာ၊ ယုံကြည်ချက် အကျဉ်းသား အများအပြား လွှတ်ပေးတာ၊ ကာလရှည်ကြာရှည်ကြာ ရှေ့မတိုး နောက်မဆုပ်သာ ဖြစ်နေတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြန်ပါလာ တာတွေဟာ မယုံကြည်နိုင်ဖွယ်ရာ တိုးတက်မှုတွေပဲ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို လစ်လျူရှု့ပြီး  ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲလေးတွေ၊ လတ်တလော ဖြစ်နေတဲ့ လျှပ်စစ်မီးပျက်တဲ့ ပြဿနာလေးတွေကိုပဲ ကြည့်ပြီး ဝေဖန်ရေး လုပ်နေမယ်ဆိုရင်တော့ မျှတတဲ့ ဝေဖန်မှု မဖြစ်နိုင် ပါဘူးလို့ပဲ ကျွန်တော်ကတော့ ယူဆမိပါတယ်။ ဖြစ်နေတဲ့ ပြဿနာအားလုံးကို အစိုးရ တစ်ရပ်တည်းကိုချည် ဖိအားပေး နေတာမျိုး မဟုတ်ဘဲ ဘယ်လိုဖြေရှင်းကြရင် ကောင်းမလိုဆိုတဲ့ စိတ်ကူးကောင်းလေးတွေ ကိုယ်စီထုတ်ကြဖို့လည်း လိုပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရဆိုတာ ဖြစ်စေ ဆိုတဲ့ စေတစ်လုံးပိုင်ရှင် မဟုတ်လို့ပါ။
မျိုးချစ်မောင်

လတ်တလော နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေး ပါတီများကို ဖိတ်ကြား၍ ပကတိ အခြေအနေမှန်များ သိရှိစေရန်နှင့် ဥပဒေ နှင့်အညီ ပူးပေါင်း ညှိနှိုင်းဖြေရှင်း ပေးကြရန်အတွက် တွေ့ဆုံ ဆွေးနွေး

နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူ လူထုကို စည်းရုံး ဆောင်ရွက်ရာတွင် မိမိပါတီ အကျိုးထက် နိုင်ငံတော် အကျိုးရှိရာ ရှိကြောင်းကို ဘက်ပေါင်းစုံမှ ထည့်သွင်း စဉ်းစား သုံးသပ် လတ်တလောဖြစ်ပေါ်နေသည့် ဆန္ဒပြ အငြင်းပွားမှုများ ပြေလည်မှု ရရှိ အောင် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမဆောင်၌ နိုင်ငံရေး ပါတီအချို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ကို ဖိတ်ကြား၍ နိုင်ငံတော်တွင် လတ်တလော ဖြစ်ပေါ်နေသည့် လျှပ်စစ်မီး ပြတ်တောက် မှုကြောင့် ဆန္ဒပြမှုများ၊ အလုပ်ရှင်/ အလုပ်သမား အငြင်းပွား၍ ဆန္ဒပြမှုများ အတွက် နိုင်ငံရေး ပါတီများကို ပကတိ အခြေအနေမှန်များ သိရှိစေရန်နှင့် ဥပဒေ နှင့်အညီ ပူးပေါင်း ညှိနှိုင်း ဖြေရှင်း ပေးကြရန်အတွက် တွေ့ဆုံ ဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ အလုပ်သမား ၀န်ကြီးဌာန၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန တို့မှ ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နိုင်ငံတော်၌ လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်မီးဆိုင်ရာ ပြဿနာ၊ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှု ပြဿနာများတွင် နိုင်ငံရေးပါတီအချို့ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း သိရသည့်အတွက် အခြေအနေ မှန်များကို ရှင်းပြချင်၍ ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူလိုက်ခြင်း ဖြစ်ပါကြောင်း။
နိုင်ငံရေး ပါတီများ၏ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့် မူဝါဒ သဘောထားများကို လေ့လာကြည့်လျှင် ပါတီတိုင်း လိုလိုက နိုင်ငံ အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုး ထမ်းဆောင်ကြရန် သန္နိဋ္ဌာန် ပြုထားခြင်းကို တွေ့ရပါကြောင်း။
နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးကြသည့် နေရာတွင် နိုင်ငံတော်၏ ပကတိ ဖြစ်တည်မှု အခြေအနေမှန်များကို သိရှိပြီး၊ ဖြစ်သင့်သည်နှင့် ဖြစ်နိုင်သည်များကို ဦးစားပေး ဆောင်ရွက်မှသာ လက်တွေ့တွင် အကျိုးထူးနိုင်မည် ဖြစ်ပါကြောင်း၊ ဖြစ်နိုင်သည်ထက် ဖြစ်ချင်သည်ကို ဦးစားပေး၍ မရ သကဲ့သို့ ဖြစ်သင့်သည်များကို ဖြစ်နိုင်သမျှ ဦးစားပေး ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
ယင်းသို့ ဆောင်ရွက်ရာတွင်လည်း မိမိတို့သည် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ဖွဲ့စည်းထားသော နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်နှင့် အညီ နိုင်ငံတော်က ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များကိုလည်း လေ့လာ မှတ်သား လိုက်နာကြရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၀၄(ခ)တွင် နိုင်ငံရေး ပါတီတ စ်ရပ်သည် ''နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေရမည်'' ဟုလည်းကောင်း၊ ပုဒ်မ ၄၀၅(ခ)တွင် ''ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစား လိုက်နာရမည်''ဟုလည်းကောင်း ပြဋ္ဌာန်း ထားပါကြောင်း၊ ထို့အပြင် နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားစဉ်ကပင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပါ အချက်များအား စောင့်ထိန်း လိုက်နာမည် ဖြစ်ကြောင်း ၀န်ခံချက် ပြုထားပြီး ဖြစ်ကြပါကြောင်း၊ ယင်းပုဒ်မ ၆ ပါ ၀န်ခံချက်များကို ပါတီဝင် တစ်ဦးချင်းစီက ချိုးဖောက်လျှင်လည်း ပုဒ်မ ၁၀ အရ ပါတီဝင် အဖြစ်ရပ်တည်ခွင့် မရှိတော့သည်မို့ ယင်းဥပဒေပုဒ်မ ၁၂ (က) (၆) အရ ယင်းပါတီဝင်ကို ပါတီမှ ထုတ်ပယ်သည် အထိ အရေး ယူကြမည် ဖြစ်ပါကြောင်း၊ အကယ်၍မထုတ်ပယ်ဘဲ တမင် ထိမ်ချန်ထားလျှင် ယင်းဥပဒေ ပုဒ်မ ၁၂(ခ) အရ ပါတီ၏ တရားဝင် ရပ်တည်ခွင့်ကို ထိခိုက် စေနိုင်သည်ကို သတိ ပြုကြရမည် ဖြစ်ပါကြောင်း။
ယခုအခါတွင် နိုင်ငံတော်၏ အချို့ နေရာများ၌ လျှပ်စစ်မီး ပြတ်တောက်သည်ကို အကြောင်းပြု၍ ဆန္ဒ ပြပွဲများ၊စက်ရုံ၊ အလုပ်ရုံ အချို့တွင် အလုပ်ရှင်/အလုပ်သမား အငြင်းပွား ဆန္ဒပြမှုများ ဖြစ်ပွားနေသည့် အတွက် ယင်းဆန္ဒပြမှုများတွင် နိုင်ငံရေး ပါတီဝင် အချို့တို့က ပူးပေါင်းပါဝင် ပတ်သက်ခြင်းများ ရှိနေကြောင်း သတင်းများ သိရှိရပါကြောင်း။
ထို့ကြောင့် ယင်းဖြစ်စဉ်များ အပေါ်နိုင်ငံတော်၏ ပကတိ အခြေ အနေမှန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန၊ တာဝန်ရှိ ပုဂ္ဂိုလ်များက အသေးစိတ် ရှင်းလင်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခု ဆွေးနွေး ရှင်းပြသော အခြေအနေမှန်များကို နိုင်ငံရေး ပါတီများက သိရှိပြီး ဖြစ်သင့် ဖြစ်ထိုက်သည်များကို ဖြစ်နိုင်သမျှ ဖြစ်လာအောင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါကြောင်း။
မဖြစ်နိုင် သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် မိမိတို့ရော နိုင်ငံတော်မှာပါ အကျိုး မရှိဖြစ်ရပြီး မလိုအပ်သည့် ဆူပူမှုများ ဖြစ်လာပါက နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ထိခိုက် စေနိုင်ပါကြောင်း။
နိုင်ငံတော်သည် ဒီမိုကရေစီ အသွင်သဏ္ဌာန် ကူးပြောင်းခါစ နုနယ်သေးသော ကာလတွင် လိုအပ်ချက်များ မပြည့်စုံမှုများ ရှိနေဦးမည် ဖြစ်ပါကြောင်း၊ယခုလို နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုကို အသိအမှတ်ပြု ပူးပေါင်းေ ဆာင်ရွက်နေသည့် ကာလတွင် မလိုလားအပ်သော ဆူပူ အကြမ်းဖက် မှုများကြောင့် တုံ့နှေးသွားစေမည့် အခြေအနေမျိုး မဖြစ်ပေါ်အောင် အလေးထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ကြရာတွင် နိုင်ငံတော်၏ ပကတိ အခြေ အနေမှန်၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များ စသည့် အချက်အလက် ပေါင်းစုံတို့ကို ထည့်သွင်း စဉ်းစားသုံးသပ်ပြီး ပြည်သူများ၏ လိုအပ်ချက်ကို ဥပဒေနှင့် အညီနိုင်ငံတော် အစိုးရ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက အလုပ်ရှင်/အလုပ်သမား အငြင်းပွား ဆန္ဒပြမှုများနှင့် စပ်လျဉ်း ၍တည်ဆဲဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ အလုပ်သမား ၀န်ကြီးဌာန ကညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ရရှိမှုနှင် ခွဲဝေသုံးစွဲမှု အခြေအနေ၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား လျော့နည်းသွားမှု အခြေအနေ၊ မဟာဓာတ်အားလိုင်း ဗုံးခွဲ ဖျက်ဆီးခံရမှုကြောင့် လတ်တလော လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အခြေအနေနှင့် ဓာတ်အား လုံလောက်စွာ ရရှိရေး ကြိုးစား ဆောင်ရွက်ပေးနေမှု အခြေအနေ တို့ကိုလည်းကောင်း အသေးစိတ် ရှင်းလင်းတင် ပြဆွေးနွေး ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက နိုင်ငံတော်တွင် လတ်တလော ဖြစ်ပေါ်နေသည့် လျှပ်စစ်မီး ပြတ်တောက်မှုအပေါ် နိုင်ငံတော်မှဆောင်ရွက်နေသည့် အခြေအနေနှင့် အလုပ်ရှင်/ အလုပ်သမား အငြင်းပွားမှုများတွင် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များအရ ညှိနှိုင်း ဖြေရှင်းပေးနေမှု အခြေအနေ မှန်များကို သိရှိရပြီး ဖြစ်ပါကြောင်း၊သို့ဖြစ်၍ နိုင်ငံရေး ပါတီများအနေဖြင့် ဥပဒေနှင့်အညီ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး တင်ပြကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် မှာကြားရာတွင် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံတော်တည် ငြိမ်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူလူထုကို စည်းရုံး ဆောင်ရွက်ကြရာတွင် မိမိပါတီ အကျိုးထက် နိုင်ငံတော် အကျိုးရှိရာ ရှိကြောင်းကို ဘက်ပေါင်းစုံမှ ထည့်သွင်း စဉ်းစားသုံးသပ်ပြီး လတ်တလော ဖြစ်ပေါ်နေသည့် ဆန္ဒပြ အငြင်းပွားမှုများကို ပြေလည်မှုရရှိအောင် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားကာ ဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင်ရုပ်သိမ်းလိုက်သည်။
(၂၀၁၂ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၂၀) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

Tuesday, May 29, 2012

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အတားအဆီး အခက်အခဲများကို ဖော်ထုတ် ဖယ်ရှားနိုင်ရန် ကြိုးပမ်းသွားမည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့် ပေးအပ် သွားမည် မြန်မာ ပြည်သူများအတွက် အနာဂတ်ကာလတွင် အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို ရှာဖွေဖော်ထုတ်သွားရန် သဘောတူညီ
အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းသည် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်လျက် ရှိသည်။ အိန္ဒိယ ဝန်ကြီးချုပ်နှင့်အတူ ဇနီး ရှရီမာတီ ဂူရှာရန်ခါလည်း အတူ လိုက်ပါခဲ့သည်။
၂။ အိန္ဒိယ ဝန်ကြီးချုပ်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ နေပြည်တော်၌ ဂုဏ်ပြု အခမ်းအနားဖြင့်  ကြိုဆိုခဲ့ပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
၃။ အိန္ဒိယ ဝန်ကြီးချုပ်၏ ယခု ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်ပေါင်း (၂၅) နှစ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ်တစ်ဦး၏ ပထမဦးဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး၏ သမိုင်းဝင် ချစ်ကြည်ရေးခရီးဖြစ်သည်။
၎။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်ဦးချင်း သီးခြား တွေ့ဆုံခဲ့ပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် နှစ်နိုင်ငံ တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပကာ နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူ ကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုများကို မြန်မာ-အိန္ဒိယ အိမ်နီးချင်း နှစ်နိုင်ငံနှင့် ပြည်သူများ အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထင်ဟပ်ပေါ်လွင်စေလျက် အပြန်အလှန် နွေးထွေးရင်းနှီးစွာ အပြု သဘောဆောင် ဆွေးနွေးခဲ့ကြသည်။
၅။ နှစ်နိုင်ငံ တရားဝင်တွေ့ဆုံ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဘက်မှ အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့် အတူ ပြည်ပရေးရာဝန်ကြီး ရှရီအက်စ်အမ်ကရစ်ရှနာ၊ အမျိုးသား လုံခြုံရေးအကြံပေး ရှရီအက်စ်မီနွန်၊ ဝန်ကြီးချုပ်၏ အတွင်းဝန် ရှရီပူလော့ချက်တာဂျီ၊ နိုင်ငံခြားရေး အတွင်းဝန် ရှရီရန်ဂျန်မထိုင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဒေါက်တာ ဗီလာဆန်ဒါရာရာဂျန်ရှရှေဒရီနှင့် အဆင့်မြင့် အစိုးရအရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
၆။ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အခြားပြည်ထောင်စု ဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇင်ယော်နှင့် အဆင့်မြင့် အစိုးရ အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
၇။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် အထူးအောင်မြင်သော တရားဝင် ချစ်ကြည်ရေး ခရီးစဉ် နောက်ပိုင်း နှစ်နိုင်ငံအကြား ဖြစ်ပေါ် တိုးတက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သုံးသပ်ခဲ့သည်။ နှစ်ဖက်စလုံးမှ ဖြစ်ထွန်း ပေါ်ပေါက်လျက်ရှိသည့် နှစ်နိုင်ငံအကြား တရားဝင် အလည်အပတ်ခရီးစဉ်များ၊ တိုးတက်လာသည့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူများအချင်းချင်း ထိတွေ့ ဆက်ဆံနေမှုများ အပေါ်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များက ကျေနပ်အားရမှု ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၈။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများ၌ နှစ်နိုင်ငံအကျိုး စီးပွားအတွက် အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အပေါ် သဘော တူညီခဲ့ကြသည်။ နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက် မှုများဖြစ်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ဆောင်ရေး၊ ထိတွေ့ ဆက်ဆံရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ အပြန်အလှန် ချစ်ကြည်ရေး အစီအစဉ်များ တိုးမြှင့်ပြုလုပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်း လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။ ထို့ အပြင် သက်ဆိုင်ရာ နိုင်ငံများမှ ပြည်သူများ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရှိရန် လိုအပ်ကြောင်း အသိအမှတ် ပြုခဲ့ကြသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးပါကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးအတွက် နှစ်နိုင်ငံ၏ အရင်းအမြစ်များကို ထိရောက်စွာ အတူတကွ ပူးပေါင်းအသုံးပြု သွားရန်လိုအပ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်။
၉။ အိန္ဒိယ ဝန်ကြီးချုပ်က မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ပတ်သက်၍ ထင်ရှားသော ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတအား ချီးကျူး ဂုဏ်ယူကြောင်း ပြောကြား ခဲ့သည်။ မြန်မာအစိုးရ အနေဖြင့် တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ဆောင်ရွက် နေခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း စသော မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှုများ အပေါ် အိန္ဒိယ ဝန်ကြီးချုပ်က ချီးကျူးပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ၌ မကြာသေးမီက ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်၊ တရားမျှတပြီး ငြိမ်းချမ်းစွာ ကျင်းပပေးနိုင်ခဲ့သည့် အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၁ဝ။ အိန္ဒိယဝန်ကြီးချုပ်မှ မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တိုးမြှင့် ဆောင်ရွက်နိုင်စေရန်နှင့် ဒီမိုကရေစီ အဖွဲ့အစည်းများ ဖြစ်သည့် လွှတ်တော်၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် သတင်းမီဒီယာ အဖွဲ့အစည်းများ စွမ်းဆောင်ရည် တိုးတက်စေရန် အတွက် အိန္ဒိယဘက်မှ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားလိုကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာနိုင်ငံ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့၏၂ဝ၁၁ခုနှစ် ဒီဇင်ဘာအတွင်းက အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် အောင်မြင်သော ခရီးစဉ်ကို ပြန်ပြောင်း သတိရလျက် အိန္ဒိယဝန်ကြီးချုပ်မှ မြန်မာ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ အတွက် အိန္ဒိယနိုင်ငံမှ သင်တန်းများ ပေးအပ် သွားလိုကြောင်း ကမ်းလှမ်း ပြောကြားခဲ့သည်။
၁၁။ အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အတွက် အောက်ဖော်ပြပါ နားလည်မှု စာချွန်လွှာ/ သဘောတူညီချက်များကို နှစ်ဖက်လက်မှတ် ရေးထိုးခဲ့ကြသည်-
(၁) အိန္ဒိယအစိုးရမှ ပေးအပ်မည့် သက်သာသောချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ နှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ
(၂) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လေကြောင်း ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်
(၃) မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၄) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးတွဲ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၅) စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးအဆင့်မြင့်ဌာန တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၆) နေပြည်တော်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ ခေတ်မီပညာပေး စပါးဇီဝဥယျာဉ် တည်ထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၇) မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာဌာန တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၈) ဒဂုံတက္ကသိုလ်နှင့် ကော်လ်ကတ္တား တက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ
(၉) မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (MISIS) နှင့် နယူးဒေလီရှိ (The Indian Council of World  Affairs- ICWA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ
(၁ဝ) မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန(MISIS)နှင့် နယူးဒေလီရှိ  (Institute for Defence Studies and Analyses -IDSA)  တို့အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်
(၁၁) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် (၂ဝ၁၂-၂ဝ၁၅)
(၁၂) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၌ နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
၁၂။ နှစ်နိုင်ငံ ခေါင်းဆောင်များက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးသည် တူညီသော သမိုင်းကြောင်း၊ ပထဝီ အနေအထား၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် အခြေခံကြောင်း အသိအမှတ် ပြုခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုအရ ၂ဝ၁၁ ခုနှစ် မတ်လတွင် ပေါ်ပေါက်လာသည့် ဒီမိုကရေစီအစိုးရ လက်ထက်၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ သိသိသာသာ တိုးမြှင့် ဆောင်ရွက် နိုင်ခဲ့သည်ကို ကြိုဆိုကြောင်းနှင့် ယင်းသို့ ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုအဆင့်မြှင့် တင်သွားလိုသည့် ဆန္ဒကို ထုတ်ဖော်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံသို့ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်း သွားရောက်ခဲ့သော မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက သွားရောက်ခဲ့သော ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်တို့၏ ခရီးစဉ်နှင့် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယနိုင်ငံ ရေအရင်းအမြစ်နှင့် လွှတ်တော်ဆိုင်ရာ ဝန်ကြီး မစ္စတာ ပီကေ ဘန်ဆဲလ်၏ ခရီးစဉ် စသည့် နှစ်နိုင်ငံအပြန်အလှန် ခရီးစဉ်များ၏ အောင်မြင်မှုကို နှစ်ဖက်ခေါင်းဆောင်များက ကျေနပ်အားရမှု ရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ နှစ်ဖက်စလုံးမှ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များကို ဆက်လက် အကောင်အထည် ဖော်သွားရန် သဘောတူညီခဲ့ကြသည်။
၁၃။ နှစ်နိုင်ငံခေါင်းဆောင်များသည် အကြမ်းဖက်မှုများနှင့် သောင်းကျန်းသူအဖွဲ့များ၏ လှုပ်ရှားမှု အသွင်သဏ္ဌာန် မျိုးစုံကို တိုက်ဖျက်သွားရန် ဆန္ဒရှိကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များအကြားပိုမို ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အလေးထားပြောကြားခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံအကြား နယ်စပ်ဒေသစီမံခန့်ခွဲမှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်လျက် နှစ်နိုင်ငံ နယ်စပ်ဒေသ ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ကြိုဆိုခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင် များသည် နှစ်နိုင်ငံ၏ သက်ဆိုင်ရာနယ်နိမိတ်များကို အကြမ်းဖက်သမားများ၊ သောင်းကျန်းသူအဖွဲ့အစည်းများနှင့် ၎င်းတို့နှင့် ဆက်နွှယ်သူများမှ လေ့ကျင့်ခြင်း၊ လွတ်မြောက်ရာနေရာအဖြစ် ခိုအောင်း နေထိုင်ခြင်း၊ အခြား လှုပ်ရှားမှုများ ဆောင်ရွက် ခြင်းကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၁၄။ နှစ်နိုင်ငံ ခေါင်းဆောင်များက နယ်စပ်ဒေသများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းသည် နယ်စပ်ဒေသ လုံခြုံရေး ထိန်းသိမ်းရာတွင် အရေးပါကြောင်း ပြောကြားခဲ့ကြသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သက်ဆိုင်ရာ မြေတိုင်း ဦးစီးဌာနများ အနေဖြင့် နယ်နိမိတ် ကျောက်တိုင်များကို စနစ်တကျ စစ်ဆေး ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ညွှန်ကြား ခဲ့ကြသည်။ သက်ဆိုင်ရာ မြေတိုင်းဦးစီးဌာန အကြီးအကဲများ အနေဖြင့် (၁၇)ကြိမ် မြောက် နယ်စပ်နယ်ဘက် အာဏာပိုင်များ၏ နိုင်ငံတော် အဆင့် အစည်းအဝေးတွင် ပူးတွဲဖော်ထုတ်ခဲ့သည့် နေရာများ၌ နှစ်နိုင်ငံ ပူးတွဲစစ်ဆေးရန် နေ့ရက်ကို ဆောလျင်စွာ အတည်ပြု သွားရန် နှစ်နိုင်ငံ ခေါင်းဆောင်များက ညွှန်ကြားခဲ့သည်။
ပေါင်းစည်းဆက်သွယ်မှု
၁၅။ နှစ်နိုင်ငံ ပြည်သူများအကြား ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အပါအဝင် အခြားသော အပြန်အလှန် သွားလာမှုများ တိုးမြှင့်နိုင်စေရန်အတွက် နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးသည် အရေးပါကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အလေးထား ပြောကြားခဲ့ကြသည်။ ထို့ပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူ ပို့ဆောင်ရေး စီမံကိန်းနှင့် ပတ်သက်၍ ပုံမှန်ဖြစ်ပေါ် တိုးတက်မှုများအပေါ် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။၂ဝ၁၂ခုနှစ် ဧပြီလတွင် မြန်မာ-အိန္ဒိယ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များ ပူးတွဲကွင်းဆင်း စစ်ဆေးမှုပြုလုပ်ပြီးနောက် ဇော်ရင်ပူရီ(မီဇိုရမ်)၌ အကောက်ခွန် စခန်း ဖွင့်လှစ်ရန်နေရာ သတ်မှတ်ရေးကိစ္စကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ကြိုဆိုခဲ့ကြသည်။ အဆိုပါ စီမံကိန်းသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံရေးတို့ကို တိုးမြှင့်နိုင်မည့်အပြင် ကုန်းတွင်း ပိတ်ဒေသ ဖြစ်သည့် အိန္ဒိယအရှေ့မြောက် ဒေသရှိ ပြည်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း မှတ်သားခဲ့ကြသည်။
၁၆။ အိန္ဒိယ ဝန်ကြီးချုပ်မှ တမူး-ကလေးဝ ချစ်ကြည်ရေး ကားလမ်းပေါ်ရှိ တံတား ၇၁ စင်းအား ပြုပြင် အဆင့်မြှင့်တင်မှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံမှ ကလေးဝ-ယာကြီး လမ်းပိုင်း ကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ ယာကြီး-မုံရွာ လမ်းပိုင်းကိုလည်းကောင်း လာမည့်  ၂ဝ၁၆ ခုနှစ် မတိုင်မီ အဝေးပြေး လမ်းမကြီး အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံကို ဖြတ်၍ အိန္ဒိယနိုင်ငံ မိုရေးမှ ထိုင်းနိုင်ငံ မဲဆောက်သို့ဆက်သွယ်မည့် သုံးနိုင်ငံ လမ်းဖောက်လုပ်မှုကို အထောက်အကူပြုနိုင်မည်ဟု မှတ်ယူသည့် အတွက် နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်ရေးဆိုင်ရာ ပူးတွဲ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းများ ပြန်လည် ဆောင်ရွက်နေမှုအပေါ် ကြိုဆိုခဲ့ကြသည်။ သုံးနိုင်ငံထိတွေ့ဆက်ဆံမှုကို လာမည့် ၂ဝ၁၆ ခုနှစ် မတိုင်မီ စတင်နိုင်ရေးအတွက် တစ်ပြိုင်တည်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
၁၇။ နှစ်နိုင်ငံဆက်ဆံရေးတွင် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုသည် အရေးပါသည့်အလျောက် အိန္ဒိယနိုင်ငံ အင်ဖာမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့တို့ အကြား ဘတ်စ်ကားလိုင်းပြေးဆွဲရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။ လုပ်ငန်း ဆောလျင်စွာ စတင် လည်ပတ်နိုင်စေရေး အတွက် နှစ်ဖက်စလုံး၏ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လုပ်ဆောင် ဖွယ်ရာများ ကို အပြီးသတ် ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များမှ ညွှန်ကြားခဲ့သည်။
၁၈။ တိုက်ရိုက်လေကြောင်း ဆက်သွယ်မှုကို တိုးမြှင့်စေနိုင်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူများ အချင်းချင်း အပြန်အလှန်သွားလာလည်ပတ်မှုများကို အဆင်ပြေ ချောမွေ့လွယ်ကူစေမည့် နှစ်နိုင်ငံအကြား လေကြောင်း ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်သစ်လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းကို နှစ်နိုင်ငံ ခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။
၁၉။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ရထားလမ်းအဆက်အသွယ် ထူထောင်ရေး ဆိုင်ရာ နည်းပညာနှင့် ကုန်သွယ်မှုဖြစ်နိုင်ခြေ အလားအလာများနှင့် တိုက်ရိုက်ရေကြောင်း အဆက်အသွယ် ထူထောင်ရေး ဆိုင်ရာ ကုန်သွယ်မှု ဖြစ်နိုင်ခြေ အလားအလာများကို စဉ်းစား ဆုံးဖြတ်နိုင်ရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်း တည်ထောင် သွားရန် ဆုံးဖြတ်ခဲ့ ကြသည်။
၂ဝ။ မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အအုံ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အိန္ဒိယနိုင်ငံမှ ပါဝင်ဆောင်ရွက်နိုင်မည့် အလား အလာကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြသည်။
ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု
၂၁။ နှစ်နိုင်ငံ ခေါင်းဆောင်များက နှစ်နိုင်ငံအကြား ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာသည့် အလျောက် အိန္ဒိယ နိုင်ငံမှ မြန်မာနိုင်ငံသို့ ယနေ့အချိန်အထိ ထောက်ပံ့ငွေနှင့် အတိုးနှုန်း သက်သာသောချေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ၁ ဒသမ ၂ဘီလီယံ ပေးအပ်နိုင်ခဲ့ခြင်းအပေါ် အားရကျေနပ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိ ဆောင်ရွက် လျက်ရှိသည့် အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ် စွမ်းအားနှင့် ကျန်းမာရေး ကဏ္ဍများအပြင် မြန်မာပြည်သူများ အတွက် အနာဂတ်ကာလတွင် အကျိုးဖြစ်ထွန်းမည့် စီမံကိန်း များကိုရှာဖွေ ဖော်ထုတ်သွားရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
၂၂။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိန္ဒိယအစိုးရမှ မြန်မာအစိုးရသို့ ပေးအပ်မည့် သက်သာသောချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ နှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။ အဆိုပါ သက်သာသော ချေးငွေများကို မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း၊ ရထားပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအား စသည့် ကဏ္ဍများရှိ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။
၂၃။ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်သည့် အလျောက် အဆိုပါ ဒေသများတွင် လမ်းများ အဆင့်မြှင့်တင်ခြင်း၊ ကျောင်းများ၊ ကျန်းမာရေး ဌာနများ၊ တံတားများ တည်ဆောက်ခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ် သင်တန်းများဖွင့်လှစ်ခြင်း အပါအဝင် အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘော တူညီခဲ့သည်။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ ဖာလာစေ့ အမြောက်အမြား စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် အိန္ဒိယ နိုင်ငံမှ အကူအညီပေးရန် ကမ်းလှမ်းခြင်းကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ကြိုဆိုခဲ့သည်။
၂၄။ သိပ္ပံနှင့်နည်းပညာ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက် သွားကြရန် နှစ်နိုင်ငံ ခေါင်းဆောင်များမှ ဆန္ဒထုတ်ဖော် ခဲ့ကြပြီး ၂ဝ၁၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မြန်မာ-အိန္ဒိယ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးတွဲ လုပ်ငန်း အဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်စွာမှတ်သားခဲ့သည်။ အဆိုပါပူးတွဲ လုပ်ငန်း အဖွဲ့မှ အနာဂတ်၌ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး ဇီဝနည်းပညာ၊ ရိတ်သိမ်းနည်းပညာ၊ ဆေးဝါးဆိုင်ရာ ဇီဝနည်း ပညာ၊ ဆေးသုတေသနနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍများရှိ ဦးစားပေးနယ်ပယ်များကို ဖော်ထုတ်ခဲ့ပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင် များသည် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဆုံးဖြတ်ချက်များကို ကြိုဆိုခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့်  ဦးစားပေး စီမံကိန်းများ အနက်မှ အချို့ကို အကောင်အထည် ဖော်နိုင်ရေးအတွက် တိကျသည့် အဆိုပြုလွှာများ ပြုစုသွားရန် သဘော တူညီ ခဲ့ကြသည်။
၂၅။ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာအရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိန္ဒိယ၏ ငွေကြေးနှင့် နည်းပညာ အကူအညီဖြင့် မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာဌာန တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။ အိန္ဒိယ ဝန်ကြီးချုပ်မှ ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နှင့် နည်းပညာ မြင့်မားရေးဆိုင်ရာ မြန်မာ-အိန္ဒိယစင်တာအား လာမည့်(၅)နှစ်တာ ကာလအတွက် နည်းပညာနှင့်ငွေကြေး အထောက်အပံ့များ ဆက်လက် ပေးအပ်သွားမည် ဖြစ်သည့် အပြင် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာသုတေသီများ အနေဖြင့် အိန္ဒိယတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများ၌ သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် နှစ်စဉ် ပညာသင်ဆု (၁ဝ)ဆု ပေးအပ်သွားမည် ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မှ ကြေညာခဲ့သည်။ အဆိုပါ ပညာသင်ဆုများကို ကမ္ဘာ့လေထုနှင့် ကမ္ဘာမြေကြီးဆိုင်ရာ သိပ္ပံ၊ ဓာတုသိပ္ပံ၊ အင်ဂျင်နီယာသိပ္ပံ၊ ဇီဝသိပ္ပံ၊ ဆေးသိပ္ပံ၊ သင်္ချာနှင့် တွက်ချက်ရေး ဆိုင်ရာ သိပ္ပံ၊ ရူပသိပ္ပံ နယ်ပယ်များတွင် ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်းကာလ လေးလမှ ခြောက်လအထိ ကြာမြင့်မည်ဖြစ်သည်။
၂၆။ မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယမှ ကူညီပေးလိုသည့် ဆန္ဒနှင့်အညီ အိန္ဒိယ စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အပါအဝင် မြန်မာနိုင်ငံသို့ လက်ရှိသင်တန်းသား ဦးရေ ၂၅ဝဦး ခွဲဝေပေးအပ် နေခြင်းအား နှစ်ဆတိုး၍ သင်တန်းသားဦးရေ ၅ဝဝ ဦးသို့ တိုးမြှင့် ပေးအပ် သွားမည်ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်မှ ကြေညာခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတမှ ဤအစီအစဉ်အား ကြိုဆိုခဲ့သည်။
၂၇။ မြန်မာသံတမန်များကို အစည်းအဝေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ပေးအပ်ရန် ကမ်းလှမ်းခြင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နေပြည်တော်နှင့် ရန်ကုန်မြို့၌ ဘာသာစကားသင်ကြားရေးအခန်းများ၊ အစည်းအဝေးခန်းမများနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင် တည်ထောင် ပေးရန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန နေပြည်တော်၌ အင်တာနက် သုတေသနဌာန တည်ထောင်နိုင်ရေးအိန္ဒိယ ဘက်မှ ကူညီပံ့ပိုး ပေးခြင်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။
၂၈။ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆန္ဒရှိကြောင်း နှစ်ဖက်စလုံးမှ ထုတ်ဖော် ပြောကြားခဲ့သည်။ အိန္ဒိယ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁ဝ သန်းဖြင့် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများအား မြန်မာဘက်သို့ လက်ဆောင် အဖြစ် ပေးအပ်ခဲ့ခြင်းအတွက် နိုင်ငံတော်သမ္မတမှ အိန္ဒိယအစိုးရအား ကျေးဇူး တင်ရှိကြောင်းနှင့် ယင်း စက်ပစ္စည်း များကို မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဖြန့်ဖြူးပြီးဖြစ်ကြောင်းနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အသုံးပြုလျက် ရှိကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုး ခဲ့သည့် နားလည်မှု စာချွန်လွှာအရ စိုက်ပျိုးရေး သုတေသနနှင့် ပညာရေး အဆင့်မြင့်ဌာနအား ရိုးရာဗဟုသုတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ခေတ်မီနောက်ဆုံးပေါ် နည်းပညာများ အသုံးပြုသည့် (Centre for Excellence)အဖြစ် အိန္ဒိယ၏ ငွေကြေးနှင့် နည်းပညာ အကူအညီဖြင့် တည်ထောင် သွားရေး နှစ်နိုင်ငံခေါင်းဆောင်များမှ ဆုံးဖြတ်ခဲ့ကြသည်။ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ခေတ်မီပညာပေး စပါးဇီဝဥယျာဉ် တည်ထောင်သွားရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့သည်။ ယင်းဌာနနှစ်ခုသည် မြန်မာ့ လယ်ယာကဏ္ဍ၊ ပညာရေးနှင့် စီးပွားရေး အသိုင်းအဝန်းအတွင်း နည်းပညာနှင့် သုတေသနဆိုင်ရာ အကူအညီများ ပေးအပ် နိုင်မည်ဖြစ်သည်။ ထို့ပြင် နေပြည်တော်ရှိ စံပြစိုက်ခင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံနိုင်သည့် ခေတ်မီ စပါးကျီတစ်ခု တည်ဆောက်ရန်အိန္ဒိယနိုင်ငံမှ ပံ့ပိုးကူညီမှု ပေးသည့်အတွက် နိုင်ငံတော်သမ္မတမှ အိန္ဒိယ ဝန်ကြီးချုပ်အား ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။
၂၉။ မြန်မာဘက်မှ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ နို့စားနွား မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်ဆေး ထုတ်လုပ်ရေး နည်းပညာဆိုင်ရာ သင်တန်းများ/ပညာသင်ဆုများ အိန္ဒိယဘက်မှ ကူညီစီစဉ်ပေးအပ် သွားရန်နှင့် အိန္ဒိယ အစိုးရမှ ရှမ်းပြည်နယ်၌ နို့နှင့်နို့ထွက် ပစ္စည်းစက်ရုံ တစ်ရုံ တည်ထောင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ အိန္ဒိယဘက်မှ မြန်မာ ဘက်၏အဆိုပြုချက်ကို အလေးထား စဉ်းစားသွားရန် သဘောတူညီခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
၃ဝ။ ၂ဝ၁၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် နှစ်ဖက်သဘော တူညီထားသည့် အလျောက်၊ ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ရန် အသုံးမပြုရသေးသည့် အလားအလာကောင်းများစွာ တည်ရှိနေကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အလေးထား ပြောကြားခဲ့ပြီး အဆိုပါ အလားအလာကို စီးပွားရေးလုပ်ငန်းရှင်များမှ အသုံးချသွားရန် တိုက်တွန်းခဲ့သည်။ ဆိပ်ကမ်းများ၊ အဝေးပြေး လမ်းမကြီးများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် သတင်းအချက် အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ စသည့် ကဏ္ဍများတွင် အိန္ဒိယ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရေး အထူးအားပေး သွားမည်ဖြစ်သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံခေါင်းဆောင်များက တိကျမှန်ကန်သည့် သတင်း အချက်အလက်နှင့် အကြံÓဏ်များ အချိန်နှင့်တစ်ပြေးညီ ဖလှယ်စေနိုင်မည့် နှစ်နိုင်ငံ အကြား အသစ်ဖွဲ့စည်း တည်ထောင် ခဲ့သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၏ အရေးပါမှုကို အလေးထားပြောကြားခဲ့သည်။
၃၁။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ရင်ဆိုင်တွေ့ကြုံရမည့် အတားအဆီး အခက်အခဲ များကို ဖော်ထုတ် ဖယ်ရှားနိုင်စေရန် နှစ်ဖက်အစိုးရများမှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် အိန္ဒိယနိုင်ငံ United Bank ၏ ကိုယ်စားလှယ်ရုံး နှစ်နိုင်ငံ အကြားစီးပွားရေး လုပ်ငန်းများကို အကျိုးပြုပြီး ဘဏ်လုပ်ငန်းကိစ္စများကို လွယ်ကူချောမွေ့စေမည့် ပထမခြေလှမ်းအဖြစ် ကြိုဆိုခဲ့ကြပါသည်။ မြန်မာဘက် အနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍတွင် သက်ဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ်များအား အိန္ဒိယနိုင်ငံမှ ဘဏ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ ဘဏ်လုပ်ငန်းများတွင် လေ့ကျင့်သင်တန်းပေးမည့် အဆိုပြုချက်များကို ကြိုဆို ခဲ့သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန် အလားအလာများစွာ ရှိသည့်အလျောက်၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ငွေကြေး ဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် အိန္ဒိယနိုင်ငံ  Reserve Bank တို့အကြား မကြာမီ ကာလအတွင်း နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားရန် နှစ်ဖက်စလုံးမှ သဘောတူညီ ခဲ့ကြသည်။ ဆက်လက်၍ အိန္ဒိယနိုင်ငံ Reserve Bank သည် နှစ်ဖက် အကျိုးတူကိစ္စရပ်များတွင် အမြင်ချင်းဖလှယ်နိုင်ရန် ကြားခံဌာနအဖြစ် ဆောင်ရွက် နိုင်ရေးအတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးသွားမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ (State Bank of India) သို့မဟုတ် နှစ်ဖက် သဘောတူညီသည့် အခြားဘဏ်များနှင့် ဘဏ်လုပ်ငန်း အတွေ့အကြုံနှင့်နည်းပညာများ မျှဝေ ဖလှယ်ရေး အတွက် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
၃၂။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအား နှစ်နိုင်ငံအကြား ကျင်းပပြုလုပ်သည့် ကုန်စည်ပြပွဲ များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် သွားကြရန် လက်ရှိကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်သည့် အချက်အလက် များကို နှီးနှော ဖလှယ်ပွဲများနှင့် စီးပွားရေးဆိုင်ရာ အခမ်းအနားများမှ တစ်ဆင့် ဝေမျှသွားကြရန် တိုက်တွန်း ခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် CII နှင့် UNFCCI တို့ မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် အိန္ဒိယ ကုမ္ပဏီများ၏ ပြပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။
၃၃။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နယ်စပ်ဒေသ အနီးတစ်ဝိုက်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၏ လိုအပ် ချက်များကို ထည့်သွင်း စဉ်းစားလျက် နယ်စပ်တစ်လျှောက် နယ်စပ်ဈေးများ ဖွင့်လှစ်ရန်နှင့် ယင်းကိစ္စအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် နယ်စပ် ကုန်သွယ်မှု စခန်းနေရာများ၌ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများအား အဆင့်မြှင့်တင်သွားရန် ဆုံးဖြတ် ချက်သည် ယင်းဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအကြား ရောင်းဝယ်ဖောက်ကားမှုကို ပိုမိုလွယ်ကူ ချောမွေ့ စေမည် ဖြစ်ကြောင်း မှတ်သားခဲ့ကြသည်။
၃၄။ နှစ်ဖက်ခေါင်းဆောင် များသည် ယခင်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အတိုင်း တမူး-မိုးရေးနှင့် ရိဒ်-ဇော်ခေါသာရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေး အရာရှိများအကြား ပြုလုပ်သည့် အစည်းအဝေးများကို ပုံမှန်ပြုလုပ် သွားနိုင်ရန် အတွက် နှစ်နိုင်ငံ အကြား နယ်စပ်ကုန်သွယ်ရေး ကော်မတီ ဖွဲ့စည်း သင့်ကြောင်း ညွှန်ကြားခဲ့ကြသည်။
လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်
၃၅။ နှစ်နိုင်ငံအကြား စွမ်းအင်လုံခြုံမှုကဏ္ဍ တိုးမြှင့်နိုင်ရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ခေါင်းဆောင် နှစ်ဦးတို့က အလေးထား ပြောကြားခဲ့ကြသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အစိုးရနှင့် အိန္ဒိယနိုင်ငံမှ ဂျူဘီလင့်စွမ်းအင် ကုမ္ပဏီတို့အကြား Production Sharing Contract လက်မှတ်ရေးထိုးရန် ကိစ္စကို ကြိုဆို ခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အလားအလာကောင်းများ ရှိကြောင်း ကမ်းလှမ်းထားသည့် အသင့်တူးဖော်နိုင်မည့် လုပ်ကွက်များအပါအဝင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် ရေနံစက်မှု ကဏ္ဍ၏ မြစ်အောက်ပိုင်း စီမံကိန်းများတွင် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အားပေး တိုက်တွန်းခဲ့သည်။
၃၆။ မြန်မာနိုင်ငံတော် သမ္မတက ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ စီမံကိန်း အသေးစိတ် အစီရင်ခံစာများ ပြုစုလျက် ရှိခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ခေါင်းဆောင် နှစ်ဦးတို့က နည်းပညာ၊ စီးပွားရေးနှင့် လူမှုဝန်းကျင် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားလျက် အစီရင်ခံစာပါ အချက်အလက်များနှင့် အနာဂတ် လုပ်ငန်း စဉ်များကို အပြီးသတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယဉ်ကျေးမှုနှင့် ပြည်သူများအချင်းချင်း အပြန် အလှန်လည်ပတ်ရေး
၃၇။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ပြည်သူများအကြား နီးကပ်သည့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရာ၌ ယဉ်ကျေးမှုကဏ္ဍ၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့ကြပြီး နှစ်နိုင်ငံအကြား ၂ဝ၁၂-၂ဝ၁၅ ခုနှစ်အတွက် ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ် လက်မှတ်ရေးထိုးရန် ကိစ္စအပေါ် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော် ခဲ့ကြသည်။ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက် ပြည်နယ်များနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများ အကြား ယဉ်ကျေးမှု ဖလှယ်ရေးကို တိုးမြှင့် စေနိုင်မည်ဖြစ်ကြောင်း မှတ်သားခဲ့သည်။
၃၈။ ထို့ပြင် ယဉ်ကျေးမှုရေးရာ အိန္ဒိယကောင်စီ၊ မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီးဌာနနှင့် သီတဂူကမ္ဘာ့ ဗုဒ္ဓ အဖွဲ့တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ International Conference on Buddhist Heritage ကျင်းပရန် ပြင်ဆင် နေမှုများကိုလည်း ကြိုဆိုခဲ့ကြသည်။
၃၉။ ရွှေတိဂုံစေတီတော် ပရဝဏ်အတွင်း ကိန်းဝပ်အပူဇော်ခံမည့် ဥာဏ်တော် ၁၆ပေ အမြင့်ရှိ ဓမ္မစကြာမုဒြာ သဲကျောက် ဗုဒ္ဓဆင်းတုတော် တစ်ဆူအား ယခုနှစ်အတွင်း လှူဒါန်းရန် အိန္ဒိယဘက်မှ ဆုံးဖြတ်ခြင်း အပေါ် မြန်မာနိုင်ငံက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်က ၄င်း၏မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ယင်းဆင်းတုတော်နှင့် ပုံစံတူ ဆင်းတုတော် ငယ်တစ်ဆူကို ပူဇော်ခံရန် ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာပြည်သူများ အနေဖြင့် အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်များ လာရောက်နိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးခြင်း အတွက်လည်း မြန်မာနိုင်ငံက အိန္ဒိယ နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
၎ဝ။ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန တိုင်းတာရေးအဖွဲ့မှ မြန်မာနိုင်ငံ ပုဂံမြို့ရှိ အာနန္ဒာဘုရား ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း များအား လာမည့် (၂)နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မှုအပေါ် ခေါင်းဆောင်နှစ်ဦးတို့က ကျေနပ်အားရမှု ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
၄၁။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ တတ်သိပညာရှင်များနှင့် ပညာရေး အဖွဲ့အစည်းများအကြား အဆက် အသွယ်များ ဖွဲ့စည်း ထူထောင်ခြင်း အပေါ် ခေါင်းဆောင် နှစ်ဦးတို့က ကြိုဆိုခဲ့ကြပြီး နှစ်ဖက်သုတေသီပညာရှင်များအား နှစ်နိုင်ငံတွင် ကျင်းပသည့် ပညာရေး ဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အမြင်ချင်းဖလှယ်ကြရန် တိုက်တွန်းခဲ့ကြသည်။
၄၂။ အိန္ဒိယ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံ၌ တည်ထောင်မည့် ကျောင်းအတွက် အိန္ဒိယအစိုးရမှ ထောက်ပံ့မှုများ ပေးသွားရန် အိန္ဒိယ ဝန်ကြီးချုပ်မှ ကြေညာခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတက ကြိုဆို ခဲ့သည်။
ဒေသတွင်းနှင့်နိုင်ငံတကာကဏ္ဍ
၄၃။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူ ကိစ္စရပ်များ အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့သည်။ နှစ်နိုင်ငံ အကျိုးရှိမည့် နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင်လည်း ဆက်လက် ပူးပေါင်းဆောင်ရွက် သွားရန် သဘောတူညီ ခဲ့ကြသည်။
၄၄။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွင် နှစ်နိုင်ငံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်။ အိန္ဒိယ ဝန်ကြီးချုပ်မှ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်သွားနိုင်စေရန် ဆုမွန်ကောင်းတောင်းခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် လာမည့် ဘင်းမ်စတက် ထိပ်သီး ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားလိုကြောင်း အဆိုပြုခဲ့သည်။ မြန်မာနိုင်ငံမှ အာဆီယံ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် ၂ဝ၁၄ ခုနှစ်၌ အာဆီယံ-အိန္ဒိယ ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်နိုင်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက မျှော်လင့်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် အာဆီယံပေါင်းစည်းရေးအစီအစဉ် (Initiative for ASEAN Integration(IAI)) အောက်မှ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မှ ထပ်လောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် မကြာမီ ကျင်းပသွားမည့် အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် လုပ်ဆောင် ဖွယ်ရာများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။
၄၅။ အိန္ဒိယ ဝန်ကြီးချုပ်မှ ၎င်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း နွေးထွေး လှိုက်လှဲစွာ ဧည့်ဝတ် ကျေပွန် မှုများအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
၄၆။ အိန္ဒိယ နိုင်ငံဝန်ကြီးချုပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတအား အိန္ဒိယနိုင်ငံသို့ နှစ်ဖက် အဆင်ပြေမည့် နေ့ရက်များတွင် ချစ်ကြည်ရေး ခရီးလာရောက်ရန် ဖိတ်ကြားခဲ့သည်။ ခရီးစဉ်နေ့ရက်ကို သံတမန် လမ်းကြောင်းမှ တစ်ဆင့် ညှိနှိုင်းသွားမည် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတမှ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။
(၂၀၁၂ ခုနှစ် ၊မေလ(၂၉) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ ၊စာမျက်နှာ (၂၀)မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

ပြည်သူတို့ဘဝ ထွန်းလင်းဖို့ရာ နိုင်ငံတော်ရဲ့စေတနာ

အသက်ကလေးက ရလာပြီမို့ ညနေခင်းများတွင် ကျန်းမာရေးအတွက် ခရီးအတန်အသင့် လမ်းလျှောက်လေ့ကျင့်ခန်းကို မဖြစ်မနေ ဆုံးဖြတ်ချက်ချပြီး လုပ်နေရသည်။ အချို့ကတော့ နံနက်ခင်း လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ကြသော်လည်း မိမိအလုပ်က ညဥ့်နက်သည့်တိုင် လုပ်ရသည့် အလုပ်အမျိုးအစားမို့ ညနေခင်း လေ့ကျင့်ခန်းကိုသာ ကြိုက်ကြိုက် မကြိုက်ကြိုက် ရွေးလိုက်ရတော့သည်။ ညနေခင်း လေ့ကျင့်ခန်းသည်လည်း တကယ်တော့ မဆိုးပါ။ ဆည်းဆာချိန်တွင် လူသားအများအပြားကို ပျားပန်းခပ်မျှ လှုပ်ရှား သွားလာနေကြသည်ကို ကြည့်ရသည်မှာ ဆေးရောင်စုံ ပန်းချီကား တစ်ချပ်ကို ကြည့်ရသည့်ပမာ စက္ခုပသာဒ အေးမြလွန်းလှသည်။ သို့ဖြစ်ရာမိမိ၏ ညနေခင်းလေ့ကျင့်ခန်း သည်လည်း သက်ရှိ ပန်းချီကား တစ်ချပ်ကို ကြည့်ရသည့် အမြတ်ပိုထွက်သည်ဟု တွေးမိရင်း ကိုယ့်ဘာသာ ကျေနပ်မိပြန်သည်။
ထိုသို့ လမ်းလျှောက်ရင်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့အရောက် ဆိုင်အတွင်းမှ ဟာကနဲ အသံနှင့်အတူ ကြမ်းတမ်းစွာ ရေရွတ်သံများ၊ ညည်းညူသံများ တစ်ပြိုင်နက် ကြားလိုက်ရပေရာ ဤသည်ကား ရုတ်တရက် မီးပျက်ခြင်းပင် တည်းဟု မကြည့်ဘဲနှင့် ခန့်မှန်းမိလိုက် ပေသည်။ မူလကမှ ရုတ်တရက် အတိုင်းအတာ တစ်ခုအထိ ဖွံ့ဖြိုးလာသော စက်မှုလက်မှု လုပ်ငန်းများနှင့် အီလက်ထရွန်နစ် ခေတ်ကြီးအတွက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို နိုင်ငံတော်က ကြိုးပမ်း ဆောင်ရွက်ပေးနေချိန်၌ ပြင်းထန်လှသော နွေရာသီ အပူဒဏ်ကြောင့် ရေတွင်းရေကန် ရေလှောင်တမံများ ခန်းခြောက် ခြင်းနှင့် ရင်ဆိုင် နေရသည့်အထဲတွင် အဖျက်သမားတို့က ပြည်သူတို့အတွက် လျှပ်စစ်ဓာတ်အား သယ်ပို့ပေးသည့် မဟာ ဓာတ်အားလိုင်း တာဝါတိုင်များအား ဗုံးခွဲဖျက်ဆီးခဲ့ပေရာ ဤသောဓာတ်အား ပြတ်လပ်မှု အခက်အခဲနှင့် ရင်ဆိုင်ရသည်ကို ဆန်းသည်ဟုမဆိုနိုင်၊ အခြေအနေကို မှန်အောင်မြင်ပြီး စိတ်ရှည်သည်းခံ နိုင်ကြဖို့သာ လိုပေမည်။
အိမ်ပြန်ရောက်တော့ လမ်းမှာကြုံခဲ့ရသည့် မြင်ကွင်းနှင့်အတွေးက လက်စမသတ်ခဲ့။ မိတ်ဆွေရင်း လျှပ်စစ်ဝန်ထမ်းများထံ ဖုန်းဆက်ရင်း စုံစမ်းမေးမြန်း မိတော့သည်။ တကယ်တော့ ဤအခက်အခဲကား ယခုမှ အစပျိုး လာခြင်းမဟုတ်၊ ပြီးခဲ့သည့် ဆယ်စုနှစ်များ ကတည်းက အစပျိုးခဲ့၊ အရင်းခံခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပေါ်လာနေသည့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏကို ဖြည့်ဆည်းပေးရမည့် တည်ဆောက်မှု ပမာဏက  လိုက်မမီနိုင်ခဲ့ခြင်း ဖြစ်သည်။ မိမိ ကိုယ်တိုင်သည် လည်းကောင်း၊ မိမိ ပတ်ဝန်းကျင်မှ လူသူအများသည် လည်းကောင်း မီးရောင် ထိန်ထိန်အောက်တွင် လျှပ်စစ်ပစ္စည်း မျိုးစုံကို အသုံးပြုရင်း အဆင်ပြေချောမွေ့ သာယာကြည်နူး နေကြသည်ကို မည်သူမဆို မြင်လိုကြပေမည်။ သို့သော် ဤသို့ဖြစ်အောင် မည်သို့ ဆောင်ရွက်မည်နည်း ဆိုသည်ကိုမူ အကြံပြုရန်မှာမူ ခက်ခဲတတ်ပေသည်။ ယခုအခါ နိုင်ငံတော်က လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြေရှင်းရမည့် ဓာတ်အားရင်းမြစ်တို့ များပြားလာစေရေး ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို စဉ်းစားရှာဖွေ၍ ဆောင်ရွက်နေရာ ပြည်ပမှ ဓာတ်အားပေးစက်ကြီးများ အမြန်ဝယ်ယူ၍ ဓာတ်အားပေးသည့် နည်းလမ်းကိုလည်း ဆောင်ရွက်နေကြောင်း သတင်းစာများ၌ ဖတ်ရှုသိရှိရသည်။ ထိုမျှမက ခိုင်မာသော နည်းလမ်းများကိုလည်း ထဲထဲဝင်ဝင်သိရှိနိုင်ရေး မေးမြန်းစုံစမ်းမိခဲ့ရာ နောင်လာမည့် အနာဂတ်ကာလတွင် ယခုဖြစ်သည့် ဓာတ်အားပြတ်လပ်မှု အခက်အခဲမျိုး မဖြစ်ပေါ်စေရေးအတွက် တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပြည်ပရင်းနှီးမြှုပ်နှံ သူများအား လျှပ်စစ်ဓာတ်အား ကဏ္ဍတွင် စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ပေးနေ သည်ကိုလည်း သိရှိခဲ့ ရပေသည်။
နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားများ အချိန်တိုအတွင်း ပိုမိုထုတ်လုပ် နိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို ဝန်ကြီးဌာန ကိုယ်တိုင်တည်ဆောက် အကောင်အထည် ဖော်သောနည်းလမ်း၊ တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက် အကောင်အထည်ဖော် သောနည်းလမ်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်အကောင် အထည်ဖော်သော နည်းလမ်းဟူသည့် နည်းလမ်း သုံးခုတို့ဖြင့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပေသည်။
အထက်ပါအတိုင်း လျှပ်စစ်စီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်က မိမိတိုင်းရင်းသား လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ထာဝစဉ် ရှေ့တန်းတင် စဉ်းစားခဲ့သည့် အလျောက် ပြည်ပကုမ္ပဏီများကို တိုင်းရင်းသား လုပ်ငန်းရှင် ပူးပေါင်းပါဝင်မှု၊ ရှယ်ယာပါဝင်မှုမရှိဘဲ ဆောင်ရွက်ခွင့်မပြု။ သို့သော် ရင်းနှီးမြှုပ်နှံမှု ပမာဏက များပြားလှသည့်အလျောက် ပူးပေါင်းပါဝင်မည့် လုပ်ငန်းရှင် ကုမ္ပဏီကိုမူ ပြည်ပရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီကပင် ရွေးချယ်သည်။ နိုင်ငံတော်က ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုသကဲ့သို့ မိမိတို့ တိုင်းရင်းသား လုပ်ငန်းရှင်များကို အများနည်းတူ ဖြစ်ထွန်းစေချင်သည့် စေတနာကြောင့်ပင် သည်စည်းမျဉ်းတွေ ဖြစ်လာရခြင်းဖြစ်သည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရာတွင် အဆင့်(၅)ဆင့် ရှိကြောင်းလည်း သိရသည်။ ပထမအဆင့်မှာ နားလည်မှု စာချွန်လွှာ(MOU) (Memorandum of Understanding) ဖြစ်ပြီး ယင်းကား စူးစမ်း လေ့လာခွင့်ပြုခြင်း အဆင့်သာ ဖြစ်သည်။ သာမန်အားဖြင့် စူးစမ်းလေ့လာပြီး စီမံကိန်း ဆောင်ရွက်ရန် ဖြစ်နိုင်/ မဖြစ်နိုင် အစီရင်ခံစာ Pre-feasibility and feasibility Study Report တင်ပြသောအဆင့် ဖြစ်သည်။ ယင်းအဆင့်အတွက် အချိန်ကာလအားဖြင့် အများဆုံး Pre-feasibility (၁၂)လနှင့် feasibility Study (၁၈)လ စုစုပေါင်း လ (၃ဝ) ခွင့်ပြုထားသည်။ ခွင့်ပြုသော ကာလအတွင်း အစီရင်ခံစာ မတင်ပြလျှင် MOU ပျက်ပြယ်သည်။ ၄င်းMOU ကို လက်မှတ် ရေးထိုးနိုင်ရန်အတွက် အဖွဲ့အစည်း တစ်ခုတည်း၏ ခွင့်ပြုချက်ဖြင့်မပြီး ရှေ့နေချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ရရှိရန် လိုအပ်သည်။
ဒုတိယအဆင့်မှာ သဘောတူညီမှုစာချုပ် MOA (Memorandum of Agerrment) ဖြစ်သည်။ ၄င်းအဆင့်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ လေ့လာ ပြုစုတင်ပြသော feasibility Study Report တွင်ပါဝင်သည့် စီမံကိန်း တည်ဆောက်မည့် နေရာ၊ ပုံစံ၊ နည်းပညာနှင့် ပတ်သက်၍ အပြန်အလှန် စစ်ဆေးခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း တို့ပြုလုပ်သည်။ အတည်ပြုနိုင်ခဲ့လျှင် စီးပွားရေး တွက်ခြေကိုက်မှု၊ နှစ်ဖက်အကျိုးတူ (Win-Win) ဖြစ်မှုတို့ကို အသေးစိတ် အချိန်ယူ၍ တွက်ချက်စစ်ဆေးခြင်း ပြုလုပ်သည်။ ၄င်းတို့ကို အတည်ပြုနိုင်ခဲ့လျှင် စာချုပ်ကို ရှေ့နေချုပ်ရုံး၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတို့၏ သဘောထား မှတ်ချက်များ၊ အတည်ပြုချက်များ ယူ၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စု အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ရရှိလျှင် MOA ကို လက်မှတ်ရေးထိုး ကြသည်။ ဤအဆင့် လက်မှတ် ရေးထိုးနိုင်ရန်အတွက် အများဆုံး အချိန်ကာလ (၆) လ ခန့် ကြာမြင့် နိုင်ပေသည်။ ကြီးမားလှသော စီမံကိန်းကြီးများ ဖြစ်ရကား နောင်အရှည် တည်တံ့ခိုင်မာ စေရန်အတွက် ဤမျှတော့ အချိန်ယူရပေမည်။
တတိယအဆင့် အနေဖြင့် သဘောတူစာချုပ် MOA အပေါ်မူတည်လျက် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြသည့် အဆင့်ဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် တိုက်ဆိုင် စစ်ဆေးသည်။ (ဤအဆင့်တွင် ယခုအချိန်၌ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှု လေ့လာချက် အစီရင်ခံစာနှင့် ယင်းတို့အပေါ်တွင် ထိခိုက်မှုလျော့နည်းအောင် ဆောင်ရွက်မှု အစီအမံနှင့် အာမခံချက်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ အတည်ပြုချက်ရရှိရန် လိုအပ်ကြောင်း သိရသည်။)
စတုတ္ထအဆင့် အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုအတည်ပြုချက်ရရှိလျှင် ဖက်စပ်သဘောတူညီချက် စာချုပ် JVA , Joint Venture Agreement) မူကြမ်းကိုပြုစုလျက် ရှေ့နေချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတို့သို့ ပေးပို့ကာ သဘောထားမှတ်ချက်၊ အတည်ပြုချက်များ ရယူရသည်။ အတည်ပြုချက်ရရှိလျှင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ဖက်စပ် သဘောတူညီချက် စာချုပ် (JVA) ကို လက်မှတ်ရေးထိုးသည်။
ပဉ္စမအဆင့်အားဖြင့် (JVA) လက်မှတ်ရေးထိုးပြီးလျှင် ဖက်စပ်ကုမ္ပဏီ တည်ထောင်ခွင့်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက် တောင်းခံရသည်။ တရားဥပဒေအရ လုပ်ငန်းစီမံ ဆောင်ရွက် ခွင့်ပြုချက် (Legal Opinion) ရရှိရန် ရှေ့နေချုပ်ရုံးသို့ တင်ပြခွင့်ပြုချက် တောင်းခံရသည်။ စီမံကိန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့် (Concession Right) ရရှိရန်သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံရသည်။ ရင်းနှီးမြှုပ်နှံမည့် ပြည်ပကုမ္ပဏီသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ကုမ္ပဏီ တည်ထောင်ခွင့်ပြုသည့် ကုမ္ပဏီမှတ်ပုံတင် လက်မှတ်၊ ရှေ့နေချုပ်ရုံး၏ တရားဥပဒေအရ လုပ်ငန်း စီမံဆောင်ရွက်ခွင့် (Legal Opinion) သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့် (Concession Right)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ လက်မှတ်ရေးထိုး ထုတ်ပြန်သော အခြားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်း အမိန့်ကြော်ငြာစာတို့ ရရှိမှသာ စီမံကိန်း အကောင်အထည်ဖော်ခွင့် အတည်ဖြစ်ပေသည်။
နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် စာချုပ်များကို ဌာနအသီးသီးမှ စိစစ်ဆောင်ရွက်ရာတွင် ရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေနှင့်ညီညွတ်မှု ရှိစေရန် အတွက်လည်းကောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန အနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ အချက်အလက်များ ပြည့်စုံမှု၊ စီးပွားရေးတွက်ခြေ ကိုက်မှုနှင့်အကျိုးရှိမှုကို ချင့်ချိန်ရန် အတွက်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် အခွန်ဥပဒေအရ နိုင်ငံတော်မှ ရရှိမည့်အခွန်အခများ၊ ပြည့်စုံမှန်ကန်စွာ ရရှိရေး အတွက်လည်းကောင်း၊ အသေးစိတ် စစ်ဆေးခြင်း၊ ပြုပြင်ပေးခြင်း၊ သဘောထား မှတ်ချက်ပြုခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခြင်း ဖြစ်ပေသည်။
တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီများကို လျှပ်စစ်စီမံကိန်းများ လုပ်ဆောင်ခွင့်ပြုရာတွင်မူ ပထမအဆင့်အနေဖြင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး၍ စူးစမ်း လေ့လာခွင့်ပြုသည်။ ဤအဆင့်တွင် လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ပထမအဆင့်အတိုင်း ဖြစ်သည်။
ဒုတိယအဆင့်မှာ ပဋိညာဉ်စာချုပ် ဖြစ်သည်။ ၄င်းအဆင့်တွင် တိုင်းရင်းသား လုပ်ငန်းရှင်ကုမ္ပဏီမှ လေ့လာပြုစုတင်ပြသော  feasibility Study Report တွင်ပါဝင်သည့် စီမံကိန်း တည်ဆောက်မည့်နေရာ၊ ပုံစံ၊ နည်းပညာနှင့် ပတ်သက်၍ အသေးစိတ် အပြန်အလှန် စစ်ဆေးခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းတို့ ပြုလုပ်သည်။ အတည်ပြုနိုင်ခဲ့လျှင် စီးပွားရေး တွက်ခြေကိုက်မှုရှိ/မရှိ အသေးစိတ် အချိန်ယူတွက်ချက်စစ်ဆေးခြင်းပြုလုပ်သည်။ ၄င်းတို့ကို အတည်ပြုနိုင်ခဲ့လျှင် ပဋိညာဉ် စာချုပ်မူကြမ်း ပြုစု၍ ရှေ့နေချုပ်ရုံး၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တို့သို့ပေးပို့ပြီး ၄င်းတို့၏ သဘောထားမှတ်ချက်များ၊ အတည်ပြုချက်များ ရယူ၍ စာချုပ်ကို အတည်ပြု ပြင်ဆင် ရေးသားသည်။
တတိယအဆင့်တွင် အထက်ပါ ပဋိညာဉ်စာချုပ်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်ပြပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ စစ်ဆေး အတည်ပြုသည်။ (ဤအဆင့်တွင် ယခုအချိန်၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုလေ့လာချက် အစီရင်ခံစာနှင့် ၄င်းတို့အပေါ်တွင် ထိခိုက်မှု လျော့နည်းအောင် ဆောင်ရွက်မည့် အစီအမံနှင့် အာမခံချက်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ အတည်ပြုချက်ရရှိရန် လိုအပ်ကြောင်း သိရသည်။)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတည်ပြုချက်ရရှိလျှင် စတုတ္ထအဆင့် အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုအစိုးရ အဖွဲ့၏ခွင့်ပြုချက်ရရှိပါက ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အခြားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ပေးသည်။ ၄င်းကိစ္စများ ဆောင်ရွက်ပြီးလျှင် တိုင်းရင်းသား လုပ်ငန်းရှင်ကုမ္ပဏီသည် လျှပ်စစ်စီမံကိန်း တည်ဆောက် လုပ်ကိုင်ခွင့်ရရှိပြီ ဖြစ်သည်။
လျှပ်စစ်စီမံကိန်းများ၏ နည်းပညာပိုင်းဆိုင်ရာ စိစစ်မှု၊ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ခိုင်မာမှုရှိစေရန်အတွက် ဝန်ကြီးဌာနမှ ဒီဇိုင်းပညာရှင်များက ဝန်ကြီးဌာနမှ ငှားရမ်းထားသော Consultant များဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံမှ AF Colenco၊ ဂျပန်နိုင်ငံမှ NEWJEC Co. တို့နှင့် ပူးတွဲစစ်ဆေး အတည်ပြုမှုများ ဆောင်ရွက်သည်။
ဤသို့အားဖြင့် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများဖိတ်ခေါ်၍ ဆောင်ရွက်လျက် ရှိပေရာရင်းနှီးမြှုပ်နှံလိုသူ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လိုသူ တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် အသေးစိတ်သိရှိလိုပါက ဝန်ကြီးဌာနသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထိုစဉ်မှာပင် လျှပ်စစ်မီးက ပြန်လင်းလာပေရာ ကလေးများ ဖွင့်ထားခဲ့သည့် မလိုသောမီးပွင့်များကို လိုက်ပိတ်ရင်း မိမိပိတ်လိုက်သော မီးပွင့်များမှ ပိုလျှံသွားသော ဓာတ်အားကြောင့် အခြားတစ်နေရာမှ လျှပ်စစ်မီး သုံးစွဲသူတစ်ယောက် ဓာတ်အား ပိုမိုပြည့်ဝစွာ သုံးစွဲလိုက်ရပါစေ ဟုလည်း ဆုတောင်းလိုက်မိသည်။ 
လှိုင်ဘွား (ပါရမီ)
(၂၀၁၂ ခုနှစ် မေလ (၂၉) ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာ စာမျက်နှာ (၇) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

ဖိတ်ခေါ်ပါသည်

ကျေးစေတမန်သို့ လာရောက် လည်ပတ်သော စာဖတ်ပရိသတ် များ အနေဖြင့် အကြံပြုချက်များ၊ မတူညီသောကွဲလွဲသည့် သဘောထား အမြင်များ၊ စာမူများနှင့် ဆောင်းပါးများ
ရေးသား
ပေးပို့ လိုပါက kyaysaytaman@gmail.com သို့
ပေးပို့နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။